မအူပင် နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့လယ်အသင်းနှင့် ဂေါပကအဖွဲ့က ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက် နံနက် ၈ နာရီက စတင်ကာ မအူပင်မြို့ ကမ်းနားလမ်းနှင့် မင်းလမ်းတစ်လျှောက်သို့ အများပြည်သူများ ကုသိုလ်ပြုဖူးမျှော်ရန် ဒေသစာရီ ကြွချီလှည့်လည်ခဲ့သည်။
ဘုရားပွဲတော် လှည့်လည်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၀ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ နံနက် ၈ နာရီတွင် မအူပင်မြို့ တေဇလမ်း၊ အောင်ဇေယျလမ်း၊ ရေလဲလမ်းမကြီးနှင့် အင်းမကျေးရွာထိပ်အထိ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း မြို့လယ်အသင်း ဂေါပကထံမှ သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)