ကသာ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးနိုင်ရေးအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီမှ ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကသာမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကသာမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအဖြစ် ဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းဆိုင်ရာ ဗီနိုင်းပိုစတာများ ရိုက်ကပ်ခြင်း၊ နှာခေါင်စည်းများ ပေးဝေခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတိပေးချက်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး ဆောင်ရွက်ထားရှိရန် ဆိုင်ရှင်များအား အထူး မှာကြားခဲ့သည်။
ထို့အပြင် သီရိခေမာဈေးအတွင်းရှိ ဈေးရောင်းသူများအား နှာခေါင်းစည်း တပ်ဆင်ပြီး ရောင်းချရန် အသိပညာပေးပြီး နှာခေါင်းစည်းများကို ပေးဝေခဲ့ကြောင်းနှင့် မြို့ပေါ်ရှိ ကျန်ရှိနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)