ဖျာပုံ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သလိပ်ကြီးကျေးရွာတွင် တည်ထား ကိုးကွယ်တော်မူသော ဖျာပုံမြို့ လောကမာရ်အောင် မြောက်ပိုင်းဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သလိပ်ကြီးကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ဖျာပုံမြို့ လောကမာရ်အောင် မြောက်ပိုင်းဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို မြို့နယ် သံဃာ့မဟာနာယက ဆရာတော်ကြီးများ ဦးဆောင်၍ ဆရာတော်အရှင်သူမြတ် အပါး(၁၀၈)တို့မှ ဖျာပုံမြို့လောကမာရ်အောင် ရုပ်ပွားဆင်းတုတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။
ထိုနောက် ဘုရားကြီး၏ မတည်အလှူရှင်များဖြစ်ကြသော ဦးစံရွှေအောင် ဇနီးဒေါက်တာ ဒေါ်ခင်စန်းအေးမိသားစုတို့မှ ငွေကျပ်သိန်းပေါင်း(၂၄၀၀၀)ကျော် အကုန်အကျခံ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေးကြပြီးနောက် ကြွရောက်တော် မူလာကြသော ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသော ဧည့်သည်တော်များအား စတုဒီသာ၊ နိဗ္ဗာန်လှူဒါန်းကြသည်။
ဆက်လက်၍ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းတွင် မီးပုံပျံပွဲတော်နှင့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းဖြင့် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်