ကန့်ဘလူ နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် (၇၇)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက်တွင် ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တအာစာရ ထံတော်မှ အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက ပရိတ်တရားတော် ရွတ်ပွားသရဇ္စျာယ်တော်မူကြပြီး ဆရာတော် သံဃာတော်များအား ကထိန်ရည်မှန်းမြတ် သင်္ကန်း၊ လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းတို့ကို ခရိုင်နှင့်မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)ကြိမ်မြောက် မဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားတွင် မဟာရွှေစည်ကြီး ပရိယတ္တိ စာသင်တိုက်သို့ ကထိန်သင်ကန်း၊ ပရိက္ခရာရှစ်ပါး(အစုံ)၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေ ၂၄၈၀၇၀၀ ကျပ်အား ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ မြို့ပေါ်ရှိဘုန်းတော်ကြီး ကျောင်းများ၊ စာသင်တိုက်များနှင့် ကျေးရွာဘုန်းတော်ကြီးများအလိုက် ကထိန်လျာ သင်္ကန်းများ၊ လှူဖွယ်ဝတ္ထုငွေနှင့် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း မြို့နယ် မဟာဘုံကထိန် ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)