မင်းဘူး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီး၌ တန်ဆောင်မုန်း လပြည့် ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် မန်းရွှေစက်တော် ဘုရားကြီး ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တန်ဆောင်တိုင် ရုံးပိတ်ရက် အတွင်း ဘုရားဖူးများနှင့် စည်းကားလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
“မန်းရွှေစက်တော်ဘုရားကြီး ပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားဖူးမိဘ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်စေရေးတို့အတွက် ဘုရားဂေါပက အဖွဲ့ဝင်များ ကြီးကြပ်၍ ဘုရားဝန်ထမ်းများက အောက်စက်တော်ရာ၊ အထက်စက်တော်ရာ၊ ရွှေစက်တော်မန်းချောင်းနှင့် ဓာတ်လှေကား တည်ဆောက်ရေး ပတ်ဝန်းကျင်တို့တွင် (၄)နေရာခွဲ၍ ရင်ပြင်တော်များနှင့် ဘုရားစောင်း တမ်းတစ်လျောက် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများကို စုပေါင်းကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း” မန်းရွှေစက်တော်ဘုရား ကျန်းမာသန့်ရှင်းရေး တာဝန်ခံ ဦးမြင့်နိုင် (ငဖဲ)က ပြောသည်။
မန်းရွှေစက်တော်ဘုရားကြီးတွင် ယနေ့ တန်ဆောင်မုန်းလပြည်နေ့၌ မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာ နှစ်ဆူအား လာရောက်ဖူးမြော်ကြသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘ ပြည်သူများအပြင် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလ မန်းချောင်းအတွင်း ရေချိုးအပန်းဖြေ သူများဖြင့် စည်းကားလျက် ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)