ဘုရားသုံးဆူ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေ ၄ နာရီအချိန်၌ မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စ ကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ အား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံ ရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသ ခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့စက် ဖြင့် လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)