ကမမောင်း နိုဝင်ဘာ ၁၉
ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးနှင့် ဝန်ထမ်းများက မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် မြို့ပေါ် ရပ်ကွက်များသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အတတ် နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည် များလက်မခံရန်နှင့် အခြား သူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း maskကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေ၀င်လေထွက်ကောင်း သော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှ ပြန်လာတိုင်း maskများကို စနစ်တကျစွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ စျေးရောင်းသူများအနေဖြင့်လည်း ပါဆယ်စနစ်ဖြစ်သာရောင်းချရန်၊ ကိုဗစ်၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကမမောင်းမြို့(ပြန်/ဆက်)