ဖာပွန် နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကိုအရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းနှင့် ၀န်ထမ်းများက ဖာပွန်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊နှာခေါင်းစည်း (Mask) မတပ် ဆင်ထား သောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်း များကို လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း နှာခေါင်း စည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တား ဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် လိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)