တနင်္သာရီမြို့ရှိဘုရားပုထိုးစေတီများတွင်တန်ဆောင်မုန်းလပြည့်နေ့ည၌ဆီမီးထွန်းညှိသူ ဆီမီးရေမျှောပူဇော်သူများပြား

တနင်္သာရီ  နိုဝင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ပေါ်ရှိ ရှေးဟောင်းဘုရားပုထိုးစေတီများသို့တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာလ၁၈)ရက်နေ့ညက တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်များနှင့်အညီ အေးချမ်းစွာဘုရားဖူးလာရောက်သူများပြားကာဆီမီးထွန်းညှိပူဇော်ာ်သူများပြားလျက်ရှိကြသည်။

တနင်္သာရီမြို့ပေါ်ရပ်ကွက်များတွင် တည်ရှိပြီး ရှေးဟောင်းသမိုင်းဝင်စေတီများ ဖြစ်သည့်နဝထပ် စေတီ၊ ခြေတော်ယာတောင် သမ္မန္တကုဋစေတီ၊ ဝင်္ကဘာတောင် ရန်ပြေမာန်ပြေ ရန်အောင်မြေ စေတီ၊ မြို့ဦးစေတီ၊ နန်းဦးစေတီ၊ လေသာတောင်စေတီနှင့် မြဝတ်ဆင်စေတီ စသည့် စေတီများ အနက် ဝင်္ကဘာတောင် ရန်ပြေမာန်ပြေရန်အောင်မြေစေတီတော်တွင် ဘုရားဖူးလာပြည်သူ များ များပြားပြီးဘုရားဆီမီး ထွန်းညှိပူဇော်မှု စည်ကားလျက်ရှိကြောင်းသိရသည်။

အလားတူ တနင်္သာရီမြို့အနီးရှိ ချောင်းကြီးမြစ်နှင့် ချောင်းငယ်မြစ်ရေပြင်အတွင်းသို့ မြို့အဝင် ဆိပ်ခံတံတား၊ ချောင်းကြီးရပ်ကွက် ရွှေလိပ်ပြာရေဆိပ်နေရာများတွင် အဖွဲ့လိုက်နှင့်အုပ်စု အလိုက်ဆီမီးမျှောသူများလည်း များပြားစည်ကားလျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း