ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ဟားခါး     နိုဝင်ဘာ     ၁၈

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၏ ၂၀၂၁ ခုနှစ်၊ စုပေါင်းမဟာဘုံကန်ထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တပညော ဘာသ အရှင်မြတ်ထံမှ ဧည့်ပရိသတ်အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အနောက် မြောက်တိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်က ကျောဘုတ်သာသနာပြု ကျောင်းဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကထိန်လျာ ဉာတ်သင်္ကန်းကို ကထိန်ခံကျောင်းဖြစ်သည့် ဟားခါးမြို့၊ ခွါရုံသာသနာပြုကျောင်း ဆရာတော်ထံသို့ လည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူ ဟားမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က သာဓုအနုမောဒနာ ခေါ်ဆိုနိုင် ရန် ဘုံကထိန်ပဒေသာပင်တန်ဖိုးစာရင်းများ ဖတ်ကြားကြေညာခြင်း ၊ ၂၀၂၂ ခုနှစ်တွင် စုပေါင်း မဟာဘုံကထိန် အလှူတော်ကျင်းပနိုင်ရန်အတွက် ကထိန်ခံကျောင်းမဲနှိုတ်ခြင်းနှင့် ပင့်သံဃာဆရာ တော်များအား လှူဒါန်းရန် ပဒေသာပင်များ မဲနှိုတ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ဟားခါးမြို့ ၊ ခွါရုံသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တသီလာစာရ အရှင်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ် ၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်း အနားတွင် ပဒေသာပင် ၁၉ ခုနှင့် အလှူငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၂၈၀၃၅၀၀/− ဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း