အမျိုးသားအောင်ပွဲနေ့ တို့မမေ့

ရွှေဘို နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံပြည်သူအများ တက္ကသိုလ်ပညာ မသင်ကြားနိုင်အောင် ကန့်သတ်ထားသော ယူနီဗာစီတီ အက်ဥပဒေကို ဆန့်ကျင် သပိတ်မှောက်ခဲ့သောနေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ သည်မှာ ယနေ့ဆိုလျှင် (၁၀၁) နှစ်မြောက်ပြီဖြစ်သည်။ အမျိုးသားနေ့ ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ ယူနီဗာစီတီ အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်) ကောလိပ် ကျောင်းသားများသည် ကန့်ကွက် သပိတ် မှောက်ဆန္ဒပြခဲ့သော နေ့ကြီးဖြစ်သည်။

နယ်ချဲ့ဗြိတိသျှ အစိုးရသည် ၎င်းတို့နယ်ကိုချဲ့ရာ၌ အကောင်းဆုံးလက်နက်အဖြစ် ပညာရေးစနစ် တက္ကသိုလ်အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ဇူလိုင်လ ၁၂ ရက် ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ အဆိုပြုခဲ့ရာ တစ်ပြည်လုံး လှုပ်လှုပ်ရွရွဖြစ်ခဲ့သည်။ ထိုဥပဒေကြမ်းတွင် ပါရှိသော အချက် များမှာ-

            (၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာရှိရမည်။

            (၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ ကျောင်းအိပ်ကျောင်းစား သာဖြစ်ရမည်။

            (၃) တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာ တစ်ခုတွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။

            (၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့် မပြု။

            (၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ်သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်ကို ကောင်းမွန်စွာ လိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။

            (၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ်ပညာများကို လိုက်နာရန် အရည်အချင်း မရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက် သင်ခွင့်ရဦမည်မဟုတ် စသော အချက်များ ဖြစ်သည်။

ထို့ကြောင့် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသား (၁၁) ဦး ဖြစ်ကြသည့် ကိုဘခင်၊ ကိုဘိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင်(သံတွဲ) ကေညီပိတ်၊ ကိုဘရှင်(ထားဝယ်)၊ ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသား သပိတ်သည် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့ တစ်ဟုန်းထိုး ပျံ့နှံ့သွားခဲ့လေတော့သည်။ ယင်းသို့ သပိတ်မှောက်လိုက်ခြင်းသည် တက္ကသိုလ်ပညာရေးဖြင့်သာ သက်ဆိုင်သည့် အရေးမဟုတ်ဘဲ မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသပိတ်ကြီးမှ တဖွားဖွား ပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသားစည်းလုံးညီညွှတ်မှုကို တည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ရာ မြန်မာနိုင်ငံလွတ်လပ်ရေး အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

               ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် GCBA ဝံသာနုအသင်းချုပ်ကြီးတစ်ရပ်ပြုလုပ်ကာ အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။

               (၁) မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။

               (၂) ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီး တစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။

               (၃) အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်။

               (၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊ လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင် ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်။

အထက်ပါ ဆုံးဖြတ်ချက်များကို ဦးမောင်ကြီး (M.A)ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ ဦးတို့ ဖြင့် ဖွဲ့စည်းလိုက်သည်။ ဤသို့ဖြင့် ၁၉၂၁ ခုနှစ် ဩဂုတ်လ (၂၄) ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင် ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာများ မကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ကျင်းပရန် စဉ်းစားကြသောအခါ အချို့က သီပေါဘုရင် ပါတော်မူသော တန်ဆောင်မုန်းလဆုတ် ၈ ရက်၊ အချို့က ဦးဥတ္တမ အဖမ်းခံရသောနေ့တို့ကို အကြံပေးကြသည်။ ၁၉၂၀ ပြည့်နှစ် သပိတ် (၁၁) ဦးကော်မတီတွင် ပါဝင်သော ဦးမြင့်က ဂျီစီဘီအေ ကွန်ဖရင့်သို့ ကျောင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီး နန်းကျသောနေ့၊ အဖမ်းခံရသောနေ့များသည် မင်္ဂလာမရှိ၊ နယ်ချဲ့ ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်သောနေ့ဖြစ်သည့် ကျောင်းသားများ သပိတ်မှောက် သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အကြံ ပေးလေသည်။ ထိုမန္တလေးကွန်ဖရင့်ကြီးမှ အမျိုးသားနေ့ကို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ တွင် ကျင်းပရန်ဆုံးဖြတ်ခဲ့ရာ ယနေ့တိုင် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပဆဲဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့သည် နာမည်နှင့် လိုက်အောင် အမျိုးသားစိတ်ဓာတ်၊ ဇာတိမာန်များ တက်ကြွ စေပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဂုဏ်ယူခြင်း၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးဘက်က အားပေးခြင်းသည် အမျိုးသားစိတ်ဓာတ်ပင်ဖြစ်သည်။

“အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန် လျှင်လည်း အနာဂတ်လမ်း ပျောက်နိုင်သည်” ဆိုသည့်စကားရပ်အား သတိချပ်စေလိုသည်။ နိုင်ငံတော် အစိုးရသည် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့ မတိုင်မီ၌ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်သည်။

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့ သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် (၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နေ့တွင် ရောက်ရှိမည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ဖြစ်သည့်-

-          တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး။

  • ပြည်ထောင်စု တစ်ဝန်းလုံး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအဆင့် မြှင့်တင် ဆောင်ရွက်ရေး။
  • မျိုးချစ်စိတ်ဓာတ်ကို  အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန် ထက်မြက်ရေး။
  • တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းစွာဖြင့် တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်ရေး။

            စသည့်အပြင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံသာယာဝ ပြောဖို့၊ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” တို့ဖြစ်သည်။

ဤသို့ဖြင့် ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်း၊ မျိုးချစ်ကျောင်းသားကြီးများမှ အသက်သွေးချွေး ပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊ အမိစာပေ၊ အမိယဉ်ကျေးမှု စသည်တို့ကို မပျောက် မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ လက်ရှိ လူငယ်ခေါင်းဆောင်များပင် ဖြစ်ပါကြောင်း တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို တင်ဆက်ရင်း မျိုးချစ်စိတ် များ ပြန်လည်နှိုးကြားလာစေရန် ဖော်ပြပေးလိုက်သည်။

ခင်ဦးစိုးဝေ