ပင်လည်ဘူးမြို့နယ်၏ (၂၁)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်  ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပင်လည်ဘူး     နိုဝင်ဘာ  ၁၈

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကောလင်းခရိုင်၊ပင်လည်ဘူးမြို့နယ်၏ (၂၁)ကြိမ်မြောက်  မြို့နယ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ပင်လည်ဘူးမြို့​ပေါ်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက် ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်  ဖိတ်ကြား​သော ဧည့်သည်​တော်များက နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ရွှေကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးစိန်သောင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ကထိန် သင်္ကန်းနှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ရေစက်သွန်ချ အနုမောဒနာတရား နာယူခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့​ကြောင်း သိရသည်။

 ပင်လည်ဘူးမြို့နယ်၏ (၂၁)ကြိမ်​မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းရာတွင် ပင့်သံဃာ​​တော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီးအလှူငွေနှင့် လှူဖွယ် ဝတ္ထုပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် (၁၀၁၃၅၄၀၀)ကို ရွှေကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော်နှင့် ပင့်သံဃာ(၂၀)ပါး တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးဝင်းခိုင် (ပြန်/ဆက်)