မိုးညို နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဓမ္မိကပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရာဇ္ဇျာယ် ချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကထိန်င်္ကန်းများ၊ ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းထားသည့် ပဒေသာပင်တို့အား ဆက်ကပ် လှူဒါန်းခဲ့ပြီး ဓမ္မိကပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ဝန်ထမ်းပေါင်းစုံ စုပေါင်း မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ ရေစက်သွန်းချအမျှပေးဝေခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းလှူဒါန်း သော ဝတ္ထုနှင့် လှူဖွယ်ပစ္စည်းများ ပါဝင်သည့် ပဒေသာပင် (၃)ခု၊ တန်ဖိုးငွေ ၂၁၄၅၀၀၀ ကျပ်နှင့် ကျန်းမာရေးဝန်ထမ်းမိသားစုမှ လှူဒါန်းသော ပဒေသာပင် ၁ ခု၊ တန်ဖိုးငွေ ၃၃၇၅၀၀ ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ ၂၄၈၂၅၀၀ ကျပ်အား အောင်ရတနာကျောင်းတိုက်၊ မြေဇာကျောင်းတိုက်နှင့် ပေါက်ကုန်း ကျောင်းတိုက်တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)