ကျောင်းကုန်း နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အကြိမ်(၃၀)မြောက် မြို့နယ် ဌာန ဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၁)ရပ်ကွက် မဟာဝိသုတာရာမ (ဥယျာဉ်ကြီး) ကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။ရှေးဦးစွာနမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ဖွင့်လှစ်ပြီး၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရား တော်များ နာယူခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက စုပေါင်းမဟာဘုံကထိန် လှူဒါန်းရခြင်းအကြောင်း လျှောက်ထားပြီး၊ ကထိန်လျာမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ရေစက်ချအနုမောဒနာ တရားနာကြားကာ ရေစက်သွန်ချ
အမျှပေးဝေခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အတွက် စာရေးတံမဲနှိုက်၍ ရွေးချယ်ခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ(၃၃)ခု မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဗွီဒီယိုလုပ်ငန်းရှင်များအသင်း၊ အသေးစားငွေချေးလုပ်ငန်းများ၊ မြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်း၊ T S စက်သုံးဆီအရောင်းဆိုင်၊ MOB ဘဏ်၊ Good Brother ကုမ္ပဏီနှင့်ရပ်ကွက် (၅) ခု တို့မှ ပစ္စည်းတန်ဖိုး(၂၅)သိန်းကျော်၊ ငွေသားတန်ဖိုး(၇၈)သိန်းကျော်၊ စုစုပေါင်း(၁၀၃)သိန်းကျော် စုပေါင်းလှူဒါန်းခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)