ဘိုကလေးမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယနေ့ တန်ဆောင်မုန်း လပြည့် နေ့ နံနက်(၆)နာရီမှ စတင်၍ မြို့နယ်လုံးဆိုင်ရာ (၃၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သည်။

အဆိုပါ စုပေါင်းမဟာ ဘုံကထိန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ပဒေသာပင်များ၊ မြို့ပေါ်(၁၀)ရပ်ကွက်မှ ပဒေသာပင်များ၊ ဈေးပဒေသာပင်များ၊ ဗိုလ်ကလေးမြို့နယ်အသင်း ပဒေသာပင်၊ ပုဂ္ဂလိကဘဏ် ပဒေသာပင် များနှင့် ငွေချေးလုပ်ငန်း ပဒေသာပင်များ စုပေါင်းပါဝင်ကြကြောင်းနှင့် ပဒေသာပင်များ၏ စုစုပေါင်းတန်ဖိုးမှာ သိန်းပေါင်း(၄၇၃)သိန်းကျော်ရှိကြောင်း သိရသည်။

၎င်းပဒေသာပင်များအား မြို့မဆွမ်းလောင်းဓမ္မာရုံရှေ့တွင် စုရပ်ထားကာ မြို့နယ်တွင်းသို့ မင်္ဂလာစည်တော်နှင့်အတူ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြပြီး ပဒေသာပင် လှည့်လည် ပွဲသို့ လိုက်ပါကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်ဌာနဆိုင်ရာများ၊ ကထိန် ဒါယကာ၊ ဒါယိကာမများမှ မြို့မဆွမ်းလောင်းဓမ္မာရုံတွင် ဆရာတော်၊ သံဃာတော်များထံမှ သီလခံယူကာ ပရိတ်တရားတော်များနာကြား ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှဝေကာ ပဒေသာပင်များအား မဲနှိုက်၍ မဲကျရာ ဘုန်းတော်ကြီးကျောင်းများအား တာဝန်ရှိသူများမှ လိုက်လံပို့ဆောင် ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး (၃၅)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)