ကျွန်းစု နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော ဌာနဆိုင်ရာများနှင့် မြို့သူ/မြို့သားများ၏ (၃၃) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲကို ကျင်းပပြုလုပ်ရာ ယမန်နေ့က စုပေါင်းပဒေသာပင်များကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ သတ်မှတ် လမ်းညွှန်ချက်များနှင့်အညီ ကျွန်းစုမြို့၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ သီးခြားပို့ဆောင်ခဲ့ကြသည်။
စုပေါင်းမဟာကထိန်ပွဲကို ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ဦးဆောင်၍ အလှူရှင်များအသီးသီးက သံဃာတော် အရှင်သူမြတ်တို့အား ကထိန်လျာ မြတ်သင်္ကန်းကို ဆက်လက်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)