ဘိုကလေး နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ယခင်နှစ် များတွင် နှစ်စဉ် အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ယမန်နှစ်တွင် မကျင်းပဖြစ်ခဲ့ရာမှ ယခုနှစ် (၃၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော် အား ပြန်လည်၍ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာဖြင့် နိုဝင်ဘာ (၁၇)ရက် ညနေ့(၄)နာရီမှ စတင်ကျင်းပခဲ့သည်။ ကျင်းပရာတွင် ဘုရားပွဲ ကျင်းပရေးဗဟိုအဖွဲ့၊ မြို့ပေါ်ရပ်ကွက်(၁၀)ခု၊ ဘုရားချောင်းကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် ကုလားကြီးချောင်းကျေးရွာ အစရှိသည့် ရပ်ကွက်/ကျေးရွာ (၁၄)ဖွဲ့မှ တစ်ဖွဲ့လျှင်(၂)ဆူနှုန်းဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီးစီးသည့် ဥပသကာဂေါပကများမှ ပင့်ဆောင်ကာ ကမ်းနားလမ်းတစ်လျှောက်မှ အောင်စကြာ ဘုရားလမ်းအတိုင်း ဒေသ စာရီကြွချီ၍ မြို့ပတ်တာ(၈)လမ်းအတိုင်း ကြွချီခဲ့ပြီး ကြွချီရာ လမ်းတစ်လျှောက်တွင် ဘုရားဒါယိကာ ၊ ဒါယိကာမများမှ မြတ်ဘုရားများအား ပန်း၊ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်း ခဲ့ကြသည့်အပြင် ဥပသကာ ဂေါပကများကိုလည်း အာဟာရဒါနများ ကျွေးမွေး လှူဒါန်းခဲ့ကြသည်။
မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား တန်ဆောင်မုန်း လဆန်း(၁၄)ရက်နေ့မှ လပြည့်ကျော် (၁)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ အပါအဝင် မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် မြို့နယ်ရဲမှူးတို့မှ နာယကကြီးများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ်၏ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲထွန်းကားရေး၊ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့် မြို့နယ်ဘာသာရေး၊ သာသနာရေး လုပ်ငန်းတစ်ရပ် အဖြစ် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ ကြည်ညိုပူဇော်သဒ္ဓါတရားပွားများ၍ ကုသိုလ်တရားများ တိုးပွား စေရေး၊ မြို့နယ်အတွင်း ကပ်ကြီး(၃)ပါးနှင့် မီဘေး၊ရေဘေး၊ လေဘေးစသည့် သဘာဝဘေးအန္တရာယ် အသွယ်သွယ်တို့မှ ကင်းဝေးစေရေးနှင့် ဘာသာရေးတွင် စိတ်ပါဝင်စားသူပြည်သူများ ညီညွတ်စွာ ပူးပေါင်း ပါဝင်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
မိုးစက်(ဘိုကလေး)