ရှေးဟောင်းသမိုင်းဝင်‌ရွှေအင်း‌တောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ဆီမီး ၁၀၀၀၊ ပန်း၁၀၀၀၊နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၁၈

မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ပန်း၁၀၀၀၊ နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။


 “အဘတို့ စေတီတော်မြတ်ကြီးမှာ တန်ဆောင်တိုင်လပြည့်နေ့ ညပိုင်းမှာ ဆီမီး ၁၀၀၀ ၊ ပန်း၁၀၀၀နဲ့နံ့သာ၁၀၀၀ပူဇော်ဖို့အတွက်  စီစဉ်ထားတယ်၊ သီတင်းကျွတ်လပြည့်တုန်းက ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ ဆီမီးပူဇော်ပွဲပဲ ကျင်းပပြုလုပ်ခဲ့တယ်၊ အနယ်နယ်အရပ်ရပ် က ဘုရားဖူးလာ ပြည်သူများအနေနဲ့ လာရောက်ဖူးမြော်နိုင်အောင် စေတီတော်မြတ်ကြီး ကို နေ့စဉ် နံနက် ၆ နာရီ ကနေ ည ၆ နာရီ အချိန်ထိ  ပြန်လည်ဖွင့်လှစ်ပေးထား ပါတယ်” ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံသိန်းက  ပြောသည်။

လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်းလျော့နည်းကျဆင်း လာခြင်းကြောင့် အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများ ဝင်ရောက်လည်ပတ် ဖူးမြော်နိုင်ရန် စေတီတော်မြတ်ကြီးအား ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)