အိမ်မဲ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခမ်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊အသင်းအဖွဲ့များ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ (၃၂)ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီအချိန်က ကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူများနှင့် ဧည့် ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အိမ်မဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေး ကသာ သနာရေးဆိုင်ရာများအား လျှောက်ထားပေးခဲ့သည်။ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်၊ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ မှငါးပါးသီလနှင့် သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအားအလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးပြီး နိုင်ငံတော်ဗဟိုဝန်ဆောင်၊ကွင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ မှငွေပဒေသာပင်နှင့် ဆွမ်းဆက်ကပ်မှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနှင့်ရေစက်သွန်းချ အမျှပေးဝေခြင်းတရားတို့ကိုချီးမြှင့်ပေးခဲ့ကာ အခမ်း အနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍အ ခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
“(၃၂)ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယခင်နှစ်များကဲ့သို့ မြို့နယ်အတွင်း လှည့်လည်သွားမှာမဟုတ်ပဲ ကိုဗစ်(၁၉)ကပ်ရောဂါဆိုးကြီးကြောင့် မိမိတို့ မဲပေါက်တဲ့ဘုန်းကြီးကျောင်းတွေကို ကပ်လှူသွားမှာဖြစ်ပါတယ်။ ယခုနှစ်မှာဆိုရင် ကျောင်း တိုက်ပေါင်း (၅၇)ကျောင်းကို ပဒေသာပင် (၅၇)ခု ပစ္စည်း တန်ဖိုး (၃၉၆၀၉၂၀)ကျပ်၊ ငွေသား တန်ဖိုး (၁၈၄၄၇၅၀၀)ကျပ် ၊စုစုပေါင်းတန်ဖိုးငွေ (၂၂၄၀၈၄၂၀)ကျပ်ကို ဆက်ကပ်လှူဒါန်းသွား မှာ”ဖြစ်ကြောင်း ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မြင့်ထွေးပြောကြားချက်အရသိရ သည်။
ချစ်သက်လယ်(အိမ်မဲ)