ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မကွေး  နိုဝင်ဘာ ၁

ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ဂုဏ်ပြုပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ၌ စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြ သော ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များ၏ စိတ်စေတနာကို အသိအမှတ်ပြု တုံ့ပြန်သည့် အနေဖြင့် ယခုလို ဂုဏ်ပြုပွဲအခမ်းအနားအား ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်း အတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အတူ လူမှုရေးအသင်းအဖွဲ့များ၊ ဆေးဝါးကျွမ်းကျင် ဝန်ထမ်းများ၊ Volunteer များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ရောဂါပိုးတွေ့ရှိမှုနှုန်း မှာ(၂)ရာခိုင်နှုန်းအောက်  လျော့နည်းကျဆင်းလာ ပါကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပြည်သူများ အောက်ဆီဂျင် လုံလောက်မှုမရှိသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အောက်ဆီဂျင်လုံလောက်မှု ရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်စက်ရုံ(၂၁)ရုံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး စက်ရုံ(၁၆)ရုံမှာ စတင်လည်ပတ်နေပြီး စက်ရုံ(၅)ရုံမှာ တည်ဆောက်ဆဲဖြစ်ကြောင်း၊ စက်ရုံများအားလုံး လည်ပတ်နိုင်ပါက ပြည်သူများ အောက်ဆီဂျင်လိုအပ်ချက် မရှိစေရေး အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည့်အပြင် (၄၀)လီတာဆန့် အောက်ဆီဂျင်အိုး အလုံး(၂)ထောင်ကို ဝယ်ယူဖြည့်ဆည်း ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် နှာခေါင်းစည်း(Mask) ဘူး(၁)သိန်း (Mask) အခုရေ (၅)သန်းကို ရပ်ကွက်/ကျေးရွာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံနှင့် ခရိုင်/မြို့နယ် ပြည်သူ့ဆေးရုံများ၊ Positive စင်တာများရှိ ပိုးတွေ့လူနာများအတွက် ကျွေးမွေးစရိတ်၊ ရောဂါစစ်ဆေး သည့်အဖွဲ့များနှင့် ကာကွယ်ဆေး ကွင်းဆင်းထိုးနှံသည့် အဖွဲ့များအား ကျွေးမွေးစရိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပြည်သူများအားလုံး ထိုးနှံနိုင်ရေးနှင့် အသက် (၁၂)နှစ်အထက် ကျောင်းသား/သူများအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သော Volunteer များအတွက် ကျေးမွေးစရိတ်၊ စက်သုံးဆီလိုအပ်ချက်များနှင့် Volunteer(၈၈၀)ဦးအတွက် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်ကို ဆုံးရှုံးမှုနည်းစွာနဲ့ ကာကွယ်တားဆီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းများနှင့် တပ်မတော်သားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ပြီး မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခရိုင် ကိုဗစ်-၁၉ ကော်မတီများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ  ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရသူများကိုယ်စား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသောင်းလှိုင်က ကျေးဇူးတင် စကားပြောကြား ခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့မှု မှတ်တမ်းတင်ခဲ့သည့် Video Clip အား ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လူမှုရေး အသင်းအဖွဲ့များ၊ Volunteer များဖြင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား မကွေးမြို့ ဂုဏ်ဆောင် ဦးဝင်းမြင့် တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး ဖျော်ဖြေခဲ့သည့် တေးသံရှင်၊ အနုပညာရှင်များအား တိုင်းဒေသကြီးအစိုးအရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                      

မောင်ညီညာ