ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ကုစားရန် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း ငွေများလွှဲပြောင်းပေးအပ်

ကန့်ဘလူ ဩဂုတ် ၂၀

နိုင်ငံတော်ကချမှတ်ထားသော Covid-19 Economic Relief Plan(CERP) အရ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ကျေးလက်ဒေသနေမိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန် ပုံငွေ စီမံကိန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်သလဲဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျေးရွာမတည်ရန်ပုံငွေများ လွှဲပြောင်း ပေး အပ်ခဲ့ ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို ပုံစံနှစ်မျိုးဖြင့်ဆောင်ရွက်မည်ဖြစ်ပြိး အိမ်ခြေ၁၀၁ နှင့်အထက် Type-1 အမျိုးအစားကျေးရွာတွင် ငွေကျပ် သိန်း ၃၀၀ ၊အိမ်ခြေ ၅၁ နှင့် ၁၀၀ ကြားType-2 အမျိုးအစား ကျေးရွာတွင် ငွေကျပ် သိန်း ၂၀၀ ကို လုပ်ကွက်ငယ် တောင်သူများ ငွေကြေးအရင်းအနှီးနှင့်လိုအပ်သောသွင်းအားစုများရရှိစေရန် ရည်ရွယ်၍ ငွေတစ်ရာလျှင် တစ်လအတိုးနှုန်းပြား ၅၀ နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် ကန့်ဘလူမြို့နယ်တွင် ကျေးရွာရှစ်ရွာ၌ အဆိုပါစီမံကိန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဟန်ထွန်းအောင် ထံမှသိရသည်။

ကန့်ဘလူမြို့နယ်အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို သတ်မှတ်ချက်များနှင့် ကိုက်ညီ သော Type-1 အနေဖြင့် အင်းမ၊ဘုတ်ကုန်း၊သပိတ်မှောက်၊ခအုံးတာ၊ညောင်ကိုင်း၊ Type-2 အနေဖြင့် သလဲဦး၊ရှားချောင်း၊သေတ္တာ စသည့်ကျေးရွာများတွင် အကောင်အထည် ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)