အုတ်ဖိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အုတ်ဖို သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံဆွေးနွေး ပွဲ ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေး ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းမှ မဲဆန္ဒရှင်စာရင်းပြည်စုံမှန်ကန်ရေး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လင်းမှ မဲစာရင်း စိစစ်ရေး လုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ဆောင်ရွက်ထားရမည့် ကိစ္စများကို ဆွေးနွေးပြောကြားကာ တက်ရောက်လာသူများက သိလိုသည်များ ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ငန်း လမ်းညွှန် စာအုပ်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးမှ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)