ရေနံချောင်း နိုဝင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် ရေနံချောင်း တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ် ကျောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ရေနံချောင်းတက္ကသိုလ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တက္ကသိုလ်(Logo)ကို ပင်မဆောင်ရှေ့တွင် စက်ခလုတ်နှိပ် ဖွင့်လှစ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများက တက္ကသိုလ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ တက္ကသိုလ်ပတ္တမြားခန်းမတွင် တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်လိုက်ခြင်းဟာ ဒေသအလိုက်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုတွေ တည်တံ့ခိုင်မြဲ တိုးတက်နေစေဖို့၊ အဆင့်မြင့်ပညာကို ဒေသခံကျောင်းသား၊ ကျောင်းသူတွေ ပိုမိုသင်ကြားသင်ယူခွင့် ရစေဖို့ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်ရှိမှုက ဒေသခံပြည်သူတွေရဲ့ စီးပွားရေးကိုလည်း ထောက်ကူပေးတာဖြစ်တဲ့အတွက် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းဟာ ဒေသခံတွေအနေနဲ့ ဂုဏ်ယူစွာကြိုဆိုရမှာ ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့လည်း တက္ကသိုလ်တွေ အရည်အသွေးတိုးမြှင့်ရန် ဆောင်ရွက်ရာမှာ ဆရာ၊ ဆရာမ ဦးရေတိုးမြှင့်ခန့်ထားရေး အရည်အသွေးမြင့်မားရေး၊ သင်ရိုးညွှန်းတမ်းများ ခေတ်မီရေး၊ စီးပွားရေးအထောက်အကူပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်စေရေးစတဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်များ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း၊ မူဝါဒတွေ ရည်မှန်းချက်တွေ အောင်မြင်အောင် ကျောင်းသား၊ ဆရာ၊ ဝန်ထမ်းဆိုတဲ့ အင်းအားစု(၃)ရပ်က တက်ညီလက်ညီ ဆောင်ရွက်ဖို့လိုကြောင်း၊ သုံးဦးသုံးဖက် တက်ညီလက်ညီ ဆောင်ရွက်မှသာ ပညာရေး ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့အညီ ၂၀၂၅ အထိ မျှော်မှန်းကျောင်းသား ဦးရေအတွက် ရည်မှန်းဆောင်ရွက်မှုတွေ အောင်မြင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့လည်း ပညာရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရေး ဆောင်ရွက်ရန်နဲ့ နိုင်ငံတော်မှာ ပညာတတ်များ ပေါများအောင် ဆောင်ရွက်ရန် အမြဲလမ်းညွှန် လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ အသစ်ခန့်အပ်လိုက်တဲ့ နည်းပြသရုပ်ပြ ဆရာ ဆရာမသစ်လွင်များကို စီမံခန့်ခွဲရေး သင်ပြနည်းအပါအဝင် သက်ဆိုင်ရာ ဘာသာရပ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ကာ အရည်အသွေးမြှင့် တင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အသိပညာ အတတ်ပညာစတဲ့ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ်မှာ များစွာမူတည်ကြောင်း၊ ဆရာ ဆရာမတို့အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားရာမှာ မျက်မှောက် ကာလဖြစ်တဲ့ ပညာခေတ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မယ့် အစဉ်လေ့လာ သင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်မယ့် ပညာရေးစနစ် တစ်ခုပေါ်ထွန်းလာစေဖို့နဲ့ ပညာခေတ်ရဲ့စိန်ခေါ်မှုကို ကျော်လွှာနိုင်မယ့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေဖို့ ကြိုးပမ်းဆောင်ရွက် သွားကြရာမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ(ဃ)တွင် “ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ် ဖော်ဆောင်ရမည်”ဖြစ်သည်ဟု ပြဌာန်းထားကြောင်း၊ ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်ရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ဆိုပြီး အပိုင်း(၃)ပိုင်းတွေ့ရမှာဖြစ်ကြောင်း၊ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့စကားနဲ့အညီ နိုင်ငံ၏အနာဂတ်ကို ထုဆစ်ပုံဖော်မည့်သူများဟာ ယနေ့ပညာသင်ကြားနေကြတဲ့ လူငယ်လူရွယ်များပဲဖြစ်ကြောင်း၊ ခေတ်မီ၍ရသော်လည်း ခေတ်လွန်သည့် အတွေးအခေါ်များကို အားပေး၍ရမည် အဟုတ်ပါကြောင်း၊ မိမိတို့ရဲ့ယဉ်ကျေးမှုကို မပျက်စီးအောင် ထိန်းသိမ်းနိုင်ရေးအတွက် အတွေးအခေါ်မှန်ကန်အောင် ထည့်သွင်းဆုံးမကြရန် လိုအပ်ပါကြောင်း၊ ဒီလိုမှန်ကန်မှသာ နိုင်ငံသူ နိုင်ငံသားများရဲ့ အတွေးအခေါ် အယူအဆ တွေဟာမှန်ကန်ပြီး အကျင့်စာရိတ္တနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တည်ဆောက်ရေးကို ဖော်ဆောင် နိုင်မှာဖြစ်ကြောင်း၊ ပညာရေးရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်တဲ့ နေရာမှာ တက္ကသိုလ်တွေက စွမ်းဆောင်နိုင်တာ ဖြစ်တဲ့အတွက် ဒေသရဲ့ရတနာတက္ကသိုလ်တစ်ခု၊ ပညာရပ်ဝန်းကောင်းတစ်ခု ဖြစ်ပေါ်လာခြင်း ကို လှိုက်လှဲစွာကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က တက္ကသိုလ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ရေနံချောင်း တက္ကသိုလ်ဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ တိုင်းခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေနံချောင်း တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် သင်ကြားစီမံပါမောက္ခ၊ ဌာနမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)