ဘားအံ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရ အမှူးပြုသည့် ဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၁၁ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်းသင်္ကန်း ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ခေတ္တဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ် အပေါင်းတို့က မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ် တော်မူသော မေတ္တာသုတ် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီး မျိုးမင်းနောင်က မဟာဂန္တဝါစကပဏ္ဍိတ နောင်လုံဌာန်ပတိုင် ကျောင်း ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လည်ကောင်း၊ မဟာဂန္တဝါစက ပဏ္ဍိတ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရထံ ကထိန်သင်္ကန်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများကိုလည်ကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများက ကြွရောက်ချီးမြှင့်တော်မူကြ သည့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ခေတ္တဝန်ကြီးချုပ်နှင ့်ဧည့်ပရိတ်သတ်အပေါင်းတို့သည့် မဟာဂန္တဝါစကပဏ္ဍိတ နောင်လုံ ဌာန်ပတိုင် ကျောင်း ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်း လောင်း အမျှပေးဝေခဲ့ကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဌာန ဆိုင်ရာ များနှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ငွေသားနှင့်ပစ္စည်းတန်ဖိုး စုစုပေါင်း ၂၈၁၇၄၆၀၀ ကျပ် ( နှစ်ရာ ရှစ်ဆယ် တစ်သိန်းခုနှစ်သောင်းလေးထောင်ခြောက်ရာ) ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုမင်းသိန်း(ပြန်/ဆက်)