မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်း (၇၅%) ရာခိုင်နှုန်း အထိ ဆောင်ရွက်ပြီးစီး

မံစီ  ဩဂုတ် ၂၀

မံစီမြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင် သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယနေ့တွင် လုပ်ငန်းဆောင်ရွက်မှု (၇၅%) ရာခိုင်နှုန်းအထိ ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်။

မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့အထိ ၂၁ ရက်ကြာ ကြေညာခဲ့ရာ လာရောက်ကြည့်ရှုသူ (၂၁၂၃၉) ဦးရှိပြီး မဲစာရင်းတွင် အမည်မပါသဖြင့် ပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၈၂၅) ဦး၊ မဲစာရင်းအတွင်း မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ (၈၀၂) ဦး၊ အချက်အလက်များ မှားယွင်း နေသဖြင့် ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ (၁၁၅၆) ဦးရှိကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင်သူများ၏ မဲဆန္ဒရှင် စာရင်း များကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခဲ့ရာ (၇၅%) ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်-၂ မန်ဝိန်းကြီးဒေသအတွင်းရှိ ကျေးရွာအုပ်စု (၅) အုပ်စုမှ မဲဆန္ဒရှင် စာရင်းများသာ ပြင်ဆင်ဖြည့်စွက်ရန် ကျန်ရှိနေခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးမြမင်းမင်းထိုက် ကပြောကြားသည်။

မြို့နယ်အတွင်း ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈) အုပ်စုနှင့် ကျေးရွာခွဲများတွင်မဲရုံ (၃၉) ရုံ ထားရှိသွားမည်ဖြစ်ပြီး ပထအကြိမ် မဲစာရင်းကြေညာရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံ မဲဆန္ဒရှင်ဦးရေ (၄၀၇၃၂) ဦးရှိကြောင်း၊  တိုင်းရင်းသား မဲဆန္ဒရှင်စားရင်းများမှာ ဗမာတိုင်းရင်းသား မဲဆန္ဒရှင် (၁၀၈၄၈) ဦး၊ ရှမ်းတိုင်းရင်းသားမဲဆန္ဒရှင် (၁၄၃၀၁) ဦး၊ လီဆူတိုင်းရင်းသား မဲဆန္ဒရှင် (၁၆၈၅) ဦး၊ ရဝမ်တိုင်းရင်းသားမဲဆန္ဒရှင် (၁၅) ဦးထိရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရိန် (ပြန်/ဆက်)