ဘောလခဲ သြဂုတ် ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာနှင့် ရေနီပေါက်ကျေးရွာတွင် တောင်သူများ စိုက်ပျိုး ရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာပေး မိုးနှမ်းစံပြကွက်ကွင်းပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန် မိုင်ထမ်း ကျေးရွာ စိုက်ကွင်းနှင့် ရေနီပေါက်ကျေးရွာ စိုက်ကွင်းတွင် ကျင်းပသည်။
အခမ်းအနားကို ရှေးဦးစွာ ဘောလခဲခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်အတိုင်း သိရှိကြိုးစားစိုက်ပျိုးသွားကြရန်၊ စိုက်ပျိုးရေးဌာနမှ နည်းပညာပေးသင်တန်းများကို တက်ရောက် လေ့လာပြီး စိုက်ပျိုးသွားကြရန်၊ ယခုလို စံကွက်သရုပ်ပြပွဲကို တက်ရောက် ပေးကြပါ သော တောင်သူ ဦးကြီးများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိဌာနတွင်း နည်းပညာတာဝန်ရှိသူမှ ရှင်းလင်း ဆွေးနွေးချက် ကို အထူးလိုက်နာ ကြိုးစားစိုက်ပျိုးသွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမာအိက တောင်သူကြီးများအား စိုက်ပျိုးရန် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုး သွားကြရန်နှင့် သဘာဝရေမြေနှင့် ကိုက်ညီသော ဓာတ်မြေသြဇာများကို အချိုးကျ စည်းစနစ်ကျစွာ အသုံးပြုဆောင်ရွက် စိုက်ပျိုးတတ်စေရန် ပြောကြားပြီး ခရိုင်စိုက်ပျိုးရေး လက်ထောက်ဦးစီးမှူး ဒေါ်သက်ယုမော်နှင့် ဒုတိယဦးစီးမှူး ဦးအေးလှိုင်တို့က စိုက်ပျိုးရေး နည်းပညာပိုင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရ သည်။
အဆိုပါအခမ်းအနားကို ဘောလခဲမြို့နယ်အတွင်းရှိ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ဝမ်ချယ် ကျေးရွာ၊ နန်းနောက် ကျေးရွာ၊ ချိကွဲ့ကျေးရွာနှင့် စောင်းလော့ကျေးရွာမှ တောင်သူဦးကြီး စုစုပေါင်း (၆၅)ဦးခန့် တက်ရောက် လေ့လာခဲ့ကြ ကြောင်း သတင်း ရရှိသည်။
လှရွှေ