ဒေးဒရဲ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရေး ဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်များ၊ စျေးဆိုင်များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည် ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများ၊ Mask မတပ်ဆင်သူများ၊ အနှေးယာဉ်နှင့် သုံးဘီဆိုင်ကယ်များ လိုင်စင်စစ်ဆေးခြင်းများကို မြို့နယ်ယာဉ်ထိန်းအဖွဲ့က ကြီးကြပ်ဆောင်ရွက် သွားရန်၊ မြို့အဝင် တံတားရဲကင်းတွင် လုံခြုံရေးဂျူတီကျသည့် ဌာနဆိုင်ရာများအနေဖြင့် လစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက် လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
အေဇာလင်း