ဘိုကလေး နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်း၌ ဘိုကလေး မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကွင်းဝိုင်းကျေးရွာ၊ ကုလားကြီးချောင်းကျေးရွာနှင့် ဘုရားချောင်း ကျေးရွာတို့မှ မြို့လယ်ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်တွင် သီတင်းသုံး တော်မူကြသည့် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများအား ဥပသကာဂေါပကအဖွဲ့များမှ ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၁)ခုလျှင် မြတ်ဘုရား (၂)ဆူစီ ပင့်ဆောင်ကာ သက်ဆိုင်ရာ ကန္ဓကုဋီတိုက်များတွင် သီတင်းသုံးစေပြီး ယမန်နေ့ ညနေ(၅)နာရီခန့်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များအတွင်း မြတ်ဘုရားများအား လှည့်လည်အပူဇော်ခံ အကြည်ညိုခံ ဒေသစာရီ ကြွချီတော်မူခဲ့သည်။
ကြွချီရာ လမ်းတစ်လျှောက်၌ ဘုရား ဒါယကာ၊ ဒါယိကာများမှ ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး အစရှိသည့် ဇာတပ္ပဝတ္ထု အစုစုတို့အား မြတ်ဘုရားများကို လှူဒါန်းပူဇော်ကြပြီး စေတနာရှင် အပေါင်းမှလည်း ဥပသကာ ဂေါပကများကိုလည်း စတုဒီသာများ ကျွေးမွေးလှူဒါန်း ခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း သက်ဆိုင်ရာ ကန္ဓကုဋီတိုက်များတွင် သီတင်းသုံး တော်မူလျက်ရှိ သည့် မြတ်ဘုရားများအား ဘုရား ဒါယကာ၊ ဒါယိကာမများမှ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်ပူဇော်ခဲ့ကြကြောင်းနှင့် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲအား တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ယခင်နှစ်များတွင် နှစ်စဉ်အစဉ်အလာ မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေ သည့် ကာလတစ်လျှောက်(၂)နှစ်တိုင် မကျင်းပဖြစ်ခဲ့ရာမှ ယခုနှစ် (၃၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ များထံမှ သိရသည်။
မိုးစက် (ဘိုကလေး)