မြိတ်မြို့တွင် ကိုဗစ်ရောဂါကာကွယ်ဆေးကို ဒီဇင်ဘာလကုန်တွင်  မြို့နေလူဦးရေ၏ (၅၀)ရာခိုင်နှုန်း အား အပြီးထိုးနှံပေးသွားမည်

မြိတ်   နိုဝင်ဘာ   ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပြည်သူလူထုများအား ကိုဗစ်ရောဂါကာကွယ်ဆေးကို နိုင်ငံတော် အစီအစဉ်ဖြင့် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလကုန်တွင် မြို့နေလူဦးရေ၏(၅၀) ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဒီဇင်ဘာလကုန်မှာ မြို့နယ်မှာရှိတဲ့ လူဦးရေရဲ့(၅၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာကုန်မှာ ဆေးနှစ်ကြိမ်ထိုးပြီး ဖြစ်ရမှာဖြစ်လို့ နိုဝင်ဘာလမှာ တစ်ကြိမ်ထိုးနှံပြီး ဒီဇင်ဘာလမှာနောက်တစ်ကြိမ် ထိုးနှံရမှာ ဖြစ်ပါတယ်။ လူမျိုးဘာသာမရွေး အသက်(၁၈)နှစ် ပြည့်ပြီးသူတွေကို အခမဲ့ဆေးထိုးပေးနေတာ ဖြစ်တဲ့အတွက် မပျက်မကွက် လာရောက်ထိုးနှံကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်သူများအနေဖြင့် ဒီဇင်ဘာကုန်တွင် ဆေးနှစ်ကြိမ် ထိုးနှံပြီး ဖြစ်ရန်အတွက် အသက်(၁၈)နှစ်ပြည့်ပြီးသူ မည်သူမဆို မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် သွားရောက်စာရင်းပေးကြ၍ ကာကွယ်ဆေး ထိုးကြရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ အသိပေး နိုးဆော်တိုက်တွန်းလျက်ရှိ ကြသည်။

“ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူတွေကို QR Code ပါသည့် ဆေးထိုးပြီးကြောင်း မှတ်တမ်းတွေ ထုတ်ပေးနေပါတယ်။  ဒီဇင်ဘာလကုန်သွားလို့ ဇန်နဝါရီလအစမှာ နေအိမ်ပြင်ပထွက်ခွာသူတွေနဲ့ ဈေးရောင်းချ သူတွေကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားတာ ဟုတ်မဟုတ် စိစစ်ဆောင်ရွက်မှာပါ။ ဒါကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးမှတဆင့် စာရင်းပေးကြ၍ ကာကွယ်ဆေးထိုးကြပါလို့ ပြောကြားလိုပါတယ်”ဟု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။

မြိတ်မြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ်အထက်မှ ဦးစားပေးအစီအစဉ် အလိုက် စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ဦးရေမှာ(၄၄၅၄၇)ဦးရှိပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူမှာ (၃၄၇၈၁)ဦး ရှိပြီဖြစ်ကြောင်း၊ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရမည့် သူများ ထိုးနှံရမည့်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်သတင်းပို့၍ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေး လုံးဝ မထိုးနှံရသေးသူများကို ရပ်ကွက်/ကျေးရွာများအထိ ဆေးထိုးအဖွဲ့များမှ ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )