ဂန့်ဂေါ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်း ပြုလုပ်သည့် ဆဌမအကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော်ကို ဝက်ချီပါကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် မြို့ခင်းသာတောင်း ကျောင်းတိုက်၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် ဂန့်ဂေါခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်နှင့် ဒေါ်ခင်လဲ့ရည်လှိုင် တို့က ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်မိသားစုနှင့် ဝန်ထမ်းများမိသားစုက မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မြို့ခင်းသာတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဇဋိလ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကာ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အဆိုပါနေ့၌ ကျင်းပပြုလုပ်သော ဆဌမအကြိမ်မြောက် မီးသတ်တပ်ဖွဲ့ဝင် မိသားစုတို့၏ စုပေါင်း မဟာဘုံကထိန်တွင် ပင့်သံဃာ(၁၀)ပါး၊ ပဒေသာပင်ကြီး(၃)ပင်နှင့် ဆက်ကပ်လှူဒါန်းရာ စုစုပေါင်း အလှူငွေ ပမာဏ (၂၈)သိန်းကျော် ဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)