သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များ ထောက်ပံ့ပေးအပ် 

ကန်ကြီးထောင့် နိုဝင်ဘာ ၁၆ 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များ ထာက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကွင်းယားကြီးကျေးရွာ ရွှေကွင်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က  လယ်ယာမြများတွင် သစ်စိမ်းမြေဩဇာ သုံးစွဲခြင်းကြောင့် အကျိုးပြု ဘက်တီးရီးယားနှင့် တီကောင်များ တိုးပွားစေကြောင်း၊ နှစ်ရာသီ သုံးရာသီ ဆက်တိုက်စိုက်ပျိုးပါက ပေါင်းပေါက်ရောက်မှုအား သိသာစွာ လျော့နည်းစေမှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သစ်စိမ်းမြေဩဇာ သုံးခြင်းဖြင့် ယူရီးယားဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချပေးနိုင်မှာဖြစ်ခြင်းကြောင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းယားကြီးကျေးရွာရှိ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်တောင်သူ ၂၀ဦး၏ လယ်ဧက ၁၇ဧကအတွက် တစ်ဧကလျှင် မျိုးစေ့၄ပြည်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်