အထက်မင်းလှ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က အမှာစကား ပြောကြားရာတွင် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ လက်ရက်ကန်း သင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး၊ သင်တန်းတွင် သင်ကြားခဲ့သည့် အတတ်ပညာကို လက်တွေ့အသုံးချ၍ မိသားစုအပိုဝင်ငွေရရှိရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဝေလင်းမောင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ ဆရာမများက သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် အခြေအနေ များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်းသင်တန်းကို သင်တန်းသူ ၁၅ ဦးအား နိုဝင်ဘာလ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)