ပခုက္ကူ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် (၁၅)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အများပြည်သူ စုပေါင်းဘုံက ထိန်အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်ရေး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင်စုပေါင်း မဟာဘုံကထိန် အခမ်းအနား လုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စန်းလှိုင်က ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းသည် နှစ်စဉ်နှစ်တိုင်း ပုံမှန်ကျင်းပနေသော အခမ်းအနားဖြစ်ပြီး ကုသိုလ်ထူးခြားသည့် အလှူဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ယခင်နှစ်များတွင် လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများ အပေါ်အခြေခံကာ တစ်နှစ်ထက်တစ်နှစ် ပိုမိုစည်းကမ်းရှိပြီး ပိုမိုစည်ကားလာစေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ စုပေါင်း မဟာဘုံကထိန် အလှူမင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များ အနေဖြင့် အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်စုပေါင်း မဟာဘုံကထိန် အခမ်းအနား လုပ်ငန်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး၊ ခရိုင်သာသနာရေးမှူး ဦးကျင်ရွှေက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည့် (၁၅)ကြိမ်မြောက် ဌာနဆိုင်ရာနှင့် အများပြည်သူ စုပေါင်းမဟာဘုံကထိန် အခမ်းအနား လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အတွက် အလှူငွေပိုမိုရရှိရေးနှင့် ကထိန်အလှူမင်္ဂလာ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ကော်မတီဝင်ဌာနဆိုင်ရာများက အသီးသီး ဆွေးနွေးကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)