မင်းဘူး နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး ရွှေစက်တော် မန်းချောင်းအတွင်း၌ မော်တော်ယာဉ်များဖြင့် အသုံးပြု ဖြတ်သန်း သွားလာနိုင်စေရန် ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ယာယီကုတ်ထုတ် တံတားတစ်စင်းကို ယမန်နေ့က စုပေါင်းတည်ဆောက်ခဲ့ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါ ယာယီကုန်ထုတ်တံတားမှာ ကားသွားလမ်းအကျယ် (၁၄)ပေ၊ အရှည် ပေ(၈၀)ခန့်ရှိပြီး ဘုရားကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ အစီအစဉ် စုပေါင်းထည့်ဝင်ငွေများဖြင့် (၁၅)သိန်းခန့် အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားတည်ဆောက်ရာတွင် ဘုရားကျေးရွာ အောင်မြေရတနာကျောင်းတိုက် ဆရာတော် ဦသုစိတ္တ ဦးစီး၍ ဘုရားကျေးရွာ ရပ်မိ/ရပ်ဖများနှင့် ဒေသခံလူငယ်များက (ယခုလ) နိုဝင်ဘာ ၁၀ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့တာကြောင့် ဒေသခံ ပြည်သူများက ကုန်ရောင်း/ကုန်ဝယ် မော်တော်ယာဉ်များဖြင့် အသုံးပြုဖြတ်သန်း သွားလာလျက် ရှိကြောင်း သိရသည်။
ယာယီကုန်ထုတ်တံတား တည်ဆောက်ပြီးစီတာကြောင့် ဘုရားကျေးရွာရှိ အိမ်ခြေပေါင်း (၃၃၀)မှ လူဦးရေပေါင်း (၁၃၀၀)ကျော်အတွက် များစွာအကျိုးရှိကြောင်း၊ ဘုရားကျေးရွာအနီး ရွာပတ်လမ်းမှ အောက်စက်တော်ရာအရောက် ကားများဖြင့် ဘုရားဖူးမိဘပြည်သူများ အလွယ်တကူ လာရောက်ဖူးမြော် နိုင်မည့်အပြင် ငဖဲနှင့် စေတုတ္တရာ မြို့နယ်များသို့လည်း ဖြတ်လမ်းအဖြစ် အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လွင် ပြောကြားချက်အရ သိရသည်။
မောင်မောင်(မင်းဘူး)