ဘားအံ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၏ ကိုဗစ် ၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ကရင်ပြည် နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်ဗိုလ်မှူးကြီးမျိုးမင်းနောင်က ယနေ့အခမ်း အနားသို့ တက်ရောက်လာသူများ၏ တက်ကြွစွာပူးပေါင်းပါဝင်မှုကြောင့် ကရင်ပြည်နယ်သည် ကိုဗစ်-၁၉ တတိယလှိုင်း ကာလကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ခဲ့ပါကြောင်း၊ အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရ သော်လည်း ပြည်သူလူထုအတွက် အကောင်းဆုံးကြိုးစားကျော်ဖြတ်နိုင်ခဲ့ကြကြောင်း၊ ယနေ့ တက်ရောက်လာသူ များသည် ပြည်နယ်အဆင့်ကိုယ်စားပြုကြသူများဖြစ်ပြီး မြို့နယ်အလိုက်ဂုဏ်ပြုပွဲများ ထပ်မံပြုလုပ်ပေးစေလိုပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဂုဏ်ပြုချီး မြောက် သင့်သူများကို မချီးမြှောက်မိမည်ကို စိုးရိမ်သည့်အတွက် မြို့နယ်အလိုက် ဂုဏ်ပြုပွဲများတွင် အားလုံး ပါဝင်နိုင်အောင် စိစစ်ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြည်နယ်အဆင့် ကိုယ်စားပြုဌာနဆိုင်ရာ၊ နိုင်ငံဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများကိုလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်က လူမှုကူညီရေးအသင်းများနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ကို လည်ကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ကိုယ်စားနှင့် ဘားအံ မြို့နယ်ကိုယ်စားပြုဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/အလှူရှင်များကို လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက လှိုင်းဘွဲမြို့နယ်ကိုယ်စားပြုဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/ အလှူရှင် များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်က သံတောင်မြို့နယ် ကိုယ်စားပြု ဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/အလှူရှင်များကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး ခင်ဇော်က ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/အလှူရှင်များကို လည်ကောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုက ကြာအင်းဆိပ်ကြီး မြို့နယ်ကိုယ်စားပြုဌာနဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/အလှူရှင်များကို လည်ကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဖာပွန်မြို့နယ် ကိုယ်စားပြုဌာန ဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/ အလှူရှင်များ ကိုလည်ကောင်း၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးက မြဝတီမြို့နယ် ကိုယ်စားပြုဌာန ဆိုင်ရာ၊ အသင်းအဖွဲ့၊ ပုဂ္ဂလိက/ အလှူရှင်များကို လည်ကောင်း အသီးသီး ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ယင်းနောက် ကိုဗစ် ၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စိတ်အား တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူများကိုယ်စား Myanmar Rescue Organization ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)