သာယာဝတီ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်လုံးကျွတ် ဌာနဆိုင်ရာများ၊ မြို့သူ/ မြို့သားများနှင့် အလှူရှင်များက စုပေါင်းဆင်ယင်ကျင်းပမည့် မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံအေးကထိန်ပွဲတော်ကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နိုဝင်ဘာလ ၁၈ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ (၁၈)ရက်နေ့တွင် ကျင်းပပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ စုပေါင်းမဟာဘုံအေးကထိန်ပွဲတော် ကျင်းပရာတွင် ကျိုက်ထိုဇောတိကာရုံ ကျောင်းတိုက်၌ နိုဝင်ဘာလ (၁၈)ရက် (ကြာသပတေး)နေ့၊ နံနက် ၆ နာရီတွင် ပင့်သံဃာတော်များအား ကထိန်လျာ သင်္ကန်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ တရားနာယူခြင်း တို့ကို ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် မြို့သူမြို့သား များက ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆက်ကပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ယခင်နှစ်များက မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံအေးကထိန်ကို စည်းကား သိုက်မြိုက်စွာ ပဒေသာပင်များဖြင့် မြို့တွင်းလှည့်လည်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များကို ပင့်ဖိတ်ပြီး တရားနာယူခြင်း၊ ပဒေသာပင်များအား မဲဖောက်၍ ဆက်ကပ်ခြင်း တို့ကို ဆင်ယင်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ အခြေအနေများကြောင့် ယခုကဲ့သို့ အစဉ်အလာ မပြတ် ဆင်ယင်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)