ရေဦးမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရေဦး    နို၀င်ဘာ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ယနေ့က ဆေးထိုးစုရပ်ဖြစ်သော မြို့နယ်အားကစားခန်းမတွင် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ ရပ်ကွက်ကျေးရွာအုပ်စုများမှ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသူ ၄၀ ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ ၁၅ ဦးလာရောက် ဆေးထိုးနှံခဲ့ကြသည်။ ရေဦးမြို့နယ်အနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ စုစုပေါင်း ၁၉၉၉၅ ဦး၊ ပထမအကြိမ်ထိုးနှံပြီးသူ ၄၀၁၅ ဦးဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး ရဟန်းသံဃာ ကျောင်းသားနှင့် ဒေသခံပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသအခြေအနေအရ ဆေးထိုးလာသူ နည်းပါးသော်လည်း သတ်မှတ်ရက်များအတိုင်း ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအနေဖြင့် ကာကွယ်ဆေးပထမအကြိမ် ဆေးထိုးပြီးနောက် ခြောက်လအတွင်း ကျန်းမာရေးဌာနနှင့် ဆက်သွယ်ပြီး ဆေးထိုးနှံနိုင်ကြောင်း ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ က ပြောသည်။

ရေဦး