ပေါက်မြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်း အဆင်ပြေ

ပေါက် နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေကို အသုံးချပြီး တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းအား မိသားစုဝင်ငွေ တိုးပွားရေးအတွက် စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်းအဆင်ပြေ လျက်ရှိနေကြကြောင်း ပန်းတော်ကန် ကျေးရွာရှိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ ပြည်သူများထံမှ သိရသည်။

ပေါက်မြို့နယ်တွင် မြေအောက်ရေနှင့် နီးသောအရပ်ဒေသဖြစ်၍ စိုက်ပျိုးရေအဆင်ပြေကာ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများက စိုက်ပျိုးရေး လုပ်ငန်းကိုစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မိသားစုနေ့စဉ် ဝင်ငွေရရှိရေး အတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို အားထား စိုက်ပျိုး လုပ်ကိုင် ကြကြောင်းနှင့် အချို့တောင်သူများမှာ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းအား စမ်းသပ်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်း ရောင်း ချနေရ၍ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ကျွန်တော်တို့ ပေါက်မြို့နယ်က ဒေသခံပြည်သူတွေဟာ မြေအောက်ရေနဲ့ နီးသော အရပ်ဒေသဖြစ်သလို ရာသီမပြတ်စီးဆင်းနေသော ယောချောင်းနဲ့ ကျောချောင်းကို အမှီပြု၍ စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေး အဆင်ပြေတဲ့အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကိုအားထား စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။

သီးနှံများ စိုက်ပျိုးရာတွင် ရာသီမပြတ်စီးဆင်းနေသော ချောင်းမကြီး (၂) ချောင်းအနီးရှိ ကျေးရွာတွေက ဒေသခံတောင်သူတွေဟာ သဲနှုန်းမြေများပေါ်မှာ ဆောင်းရာသီ အာလူး၊ မြေပဲ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ကိုက်လံ၊ မုံညှင်း၊ ချဉ်ပေါင်၊ ဘူး၊ အစရှိတဲ့ စားပင်သီးနှံမျိုး စိုက်ပျိုးကြသလို ယောချောင်း၊ ကျောချောင်းနဲ့ ဝေးကွာသောကျေးရွာများရှိ ဒေသခံပြည်သူတွေကလည်း မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး မိမိတို့ရဲ့ ယာမြေများမှာ ကွမ်းစိုက်ပျိုးရေး လုပ်ငန်းကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။

ကွမ်းစိုက်ပျိုးရာမှာ မိမိတို့၏ယာမြေများကို ပထမအနေနဲ့ နှစ်ပေအကျယ် တစ်တောင်အနက်ရှိ မြောင်းတူးပြီး မြေဆွေးထည့်နှပ်ထားကာ နှစ်ပတ်ခန့်အကြာတွင် စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ခေါင်ညွန့် နှိမ်ပေးရပြီး (၃)လအကြာမှာ ရောင်းတန်းဝင် ကွမ်းရွက်ကို စတင်ဆွတ်ခူးရောင်း ချရပါတယ်။ မှိုရောဂါ မဝင်အောင် အထူးဂရုစိုက်ပေးရတဲ့အပြင် အပင်ခြေ ရေမဝပ်အောင်လည်း ပြုပြင်ပေး ရပါတယ်။ ဒါမှသာစိုက်ပြီးရင် အပင်တွေသေတာတို့၊ အရိုးပုပ်တာတို့၊ အမြစ်ဆွေးဝင်တာတို့ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသဟာ စိုက်ပျိုးမြေ ကောင်းမွန်တဲ့အတွက် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းဟာ အောင်မြင်ဖြစ် ထွန်းမှုရှိပြီး ယခုလက်ရှိမှာ ကွမ်းတစ်ပိဿာကို ငွေကျပ် ၅၀၀၀ နှုန်း ရောင်းချနေရလို့ ကွမ်းစိုက်ပျိုးတောင် သူတွေ လုပ်ငန်းအဆင်ပြေ နေကြပါတယ်လို့ ပေါက်မြို့နယ် ပန်းတော်ကန်ကျေးရွာမှ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုး တောင်သူ ဦးဉာဏ်မြင့်က ပြောပြသည်။

ဉာဏ်တိုး(ပြန်/ဆက်)