ဝါးခယ်မမြို့နယ်၌ ခရိုင်/မြို့နယ် တာဝန်ရှိသူများက ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဝါးခယ်မ နိုဝင်ဘာ  ၁၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းရှိ အောင်ဇေယျခန်းမတွင် ယနေ့နံနက်(၁၀)နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး မောင်မောင်စိုး၊ ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးတင်မြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ပြီးဒုရဲမှူးကြီး မောင်မောင်စိုးက ဝါးခယ်မမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စများကို မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ အဖျက်အမှောင့် လုပ်ငန်းပြုလုပ်လာနိုင်သည့် နေရာဒေသများအား လှည့်ကင်း/ဝပ်ကင်းများဖြင့် ဆောင်ရွက် လျက်ရှိသဖြင့် တည်ငြိမ် အေးချမ်းလျက်ရှိရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၏ ပူးပေါင်း ပါဝင်မှုများကို   အသိအမှတ်ပြု ပါကြောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှူး ဦးတင်မြိုင် က နိုင်ငံသားတိုင်း ရှိသင့် ရှိထိုက်သော ကတ်ပြားတစ်မျိုးမျိုး ရရှိရေး အတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများအား “ပန်းခင်းစီမံချက်” ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုယ်စီရရှိရေးအတွက် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကူညီပေးရန်တိုက်တွန်း ပါကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊   နိုင်ငံသားတိုင်းတွင် ရှိသင့်ရှိထိုက်သော ကတ်ပြား တစ်မျိုးမျိုးရရှိရေး တို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အရှိန်အဟုန် ဖြင့်ဆောင်ရွက်လျက်ရှိရာ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့များကပူးပေါင်းကူညီ ဆောင်ရွက်ကြရန်လိုအပ် ကြောင်းစသည်ဖြင့် အကျယ်တဝင့် ပြောကြားခဲ့ကြောင်းသိရပါသည်။

စောသန္တာဦး