ပွင့်ဖြူ နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်း က ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးရာ ယနေ့ ဒေသခံပြည်သူ ၂၅၈၀ ဦး ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရသည်။ ထို့အပြင် ဆေးထိုးစုရပ်များအလိုက် ဒေသခံပြည်သူများ အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရကာ ယနေ့ဆေးထိုးစုရပ် (၄)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက် ထိုးနှံသူ ၂၅၈၀ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)