ထီးချိုင့် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်တွင် နှစ်စဉ်မပျက် တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်မဟာဘုံကထိန်အား ယခုလက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါသည်။
ထီးချိုင့်မြို့၏ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကို ယခင်နှစ်များကကဲ့သို့ စီတန်းလှည့်လည် ပူဇော်ခြင်းကို ပြုလုပ်ခြင်းမရှိဘဲ ကထိန်မဏ္ဍပ်ကို အမှတ်(၃)မူလတန်းကျောင်းရှေ့နေရာတွင် ဆောက်လုပ်ခဲ့ကာ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့တွင် ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေသားများလှူဒါန်းသော ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို ဗဟိုမဏ္ဍပ်သို့ ပို့ဆောင်ခဲ့ကြပြီး လဆန်း(၁၃)ရက်နေ့တွင် လှူဖွယ်ပစ္စည်းများခွဲဝေကာ ဉတ်မကြီး မဲဖောက်ခြင်း၊ ရပ်ကွက်များမှ ကထိန်ခင်းရမည့်ကျောင်းတိုက်များကို မဲနိုက်ခြင်းများ ပြုလုပ်ပြီး လဆန်း(၁၄)ရက်နေ့တွင် မိမိတို့မဲကျရာ ကျောင်းတိုက်များသို့ ကထိန်လှူဖွယ်ပစ္စည်းများကို သွားရောက်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)