ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများအလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်များ ကျင်းပ

ပခုက္ကူ  နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများအလိုက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၃ခု၊ တန်ဆောင် မုန်းလပြည့်နေ့မတိုင်မီ ကာလများအတွင်း သက်ဆိုင်ရာ နေရာအသီးသီးတို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပကြကြောင်း သိရသည်။

အဆိုပါစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော်များကို ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိ တက္ကသိုလ်(အရှေ့တိုက်)၊ မဟာဝိသုတာရာမပါဠိ တက္ကသိုလ် (အလယ်တိုက်)နှင့် မြို့ပေါ် ဘုန်းတော်ကြီးသင် စာသင်တိုက်များမှ တိုက်အုပ်ဆရာတော်များနှင့် နာယကတ ဆရာတော်များ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များအား ပင့်ဖိတ်ကြပြီး ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကထိန် တရားတော်များ နာယူကြည်ညိုခြင်း၊ ဆရာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကြပြီးနောက် နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခြင်း တို့ဖြင့် အသီးသီး ကုသိုလ်ယူကြသည်။

ထို့အပြင် ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ (၁၅)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၃ခု၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စည်းကားသိုက်ပြိုက်စွာ ကျင်းပကြမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)