ချောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် "မြန်မာ့တန်ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ "အစီအစဉ်ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ မွန်းလွဲ (၁)နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ကျက်ရေမင်္ဂလာနှင့်ပြည့်စုံသော ထူးမြတ်သည့်ကောင်းမှုကုသိုလ်များ လွှမ်းခြုံနေသည့် လတစ်လဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ရက်၊ တစ်ရက်တွင်တစ်ကြိမ်၊ တစ်ကြိမ်တွင်တစ်ကျောင်းရှိ ရဟန်းသံဃာတော်များအား ရည်မှန်းကာ ကထိန်သင်္ကန်းလှူဒါန်းမှုအကြောင်းကို စာကြည့်တိုက် လက်ထောက်-၃ ဦးညီဝင်းသူမှလည်းကောင်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအကြောင်းကို ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိမြတ်မှလည်းကောင်း၊ သာမညဖလရွတ်ဖတ်ပူဇော်ပွဲအကြောင်းကို အငယ်တန်းစာရေး ဦးနိုင်ထက်မိုး မှလည်းကောင်း တန်ဆောင်မုန်းလ ပျော်ပွဲရွှင်ပွဲနှင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
"မြန်မာ့တန်ဆောင်တိုင်ပွဲနှင့် တန်ဆောင်မုန်းလအကြောင်းသိကောင်းစရာ" ဆွေးနွေးပွဲ Talk Show ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ဗဟုသုတရရှိစေရေးရည်ရွယ်၍ တင်ဆက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်မိုး