စလင်း နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုများ၏ ၂၂ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အလှူပွဲကို နံနက် ၉ နာရီ ၁၅ အချိန်က မဟာဝိသုတာရာမပရိယတ္တိ စာသင်တိုက်ရွှေဘုံသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စုပေါင်းမဟာဘုံကထိန် အလှူပွဲတွင် စလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်ကြီးကြပ်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် ဝန်ထမ်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက်၏ ဦးစီးနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ပရိတ္တရားတော်များနှင့် ကထိန်တရားတော်များနာယူ ကြည်ညိုကြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ဝန်ထမ်းများက ဆရာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြပြီး နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဘုံကထိန်ကို နှစ်စဉ်နှစ်တိုင်းလို လှည့်လည်ခြင်း မပြုတော့ပဲ အစဉ်အလာမပျက် ၂၂ကြိမ်မြောက် ဌာနဆိုင်ရာ ဘုံကထိန်အလှူပွဲများကို နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘုရားတန်ဆောင်းအတွင်းနှင့် ကျောင်းတိုက် ၁၈ ကျောင်းတိုက် တို့တွင် လှူဒါန်းဆက်ကပ် ပစ္စည်းတန်ဖိုး စုစုပေါင်း ၁၅၂ သိန်းကို ရေစက်ချ လှူဒါန်းနိုင်ခဲ့ကြောင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)