ဘိုကလေး နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ပွဲတော်အား ယခင်နှစ်များတွင် နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကယ်ထိန်းချုပ်နေသည့် ကာလတစ် လျှောက်(၂)နှစ်တိုင် မကျင်းပဖြစ်ခဲ့ရာမှ ယခုနှစ်(၃၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့််အညီ ပြန်လည်ကျင်းပ ဆောင်ရွက် သွားမည်ဖြစ်သဖြင့် ယနေ့နံနက်(၆)နာရီ၌ မြို့လယ်ကျက်သရေဆောင် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်းတော်မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအသီးသီးသို့ မြတ်ဘုရားများအား ဥပသကာ ဂေါပကအဖွဲ့များမှ ကြည်ညိုပင့်ဆောင်ခဲ့သည်။
ပင့်ဆောင်ရာတွင် ဘုရားပွဲ ကျင်းပရေးဗဟိုအဖွဲ့၊ မြို့ပေါ်ရပ်ကွက်(၁၀)ခု၊ ဘုရားချောင်း ကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် ကုလားကြီးချောင်းကျေးရွာ အစရှိသည့် ရပ်ကွက်/ ကျေးရွာ (၁၄)ဖွဲ့မှ တစ်ဖွဲ့လျှင်(၂)ဆူနှုန်းဖြင့် ပင့်ဆောင်ကာ သက်ဆိုင်ရာ ဂန္ဓကုဋီ တိုက်များတွင် မြတ်ဘုရားများအား သီတင်းသုံးစေပြီး တန်ဆောင်မုန်း လဆန်း(၁၄) ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့ထိ (၃)ရက်တိုင်တိုင် နှစ်ကြိတ်ရှစ်ဆူ မြတ်ဘုရား အားလုံး မြို့နယ်အတွင်းသို့ ဒေသစာရီ အပူဇော်ခံ၊ အကြည်ညိုခံကြွရောက်မည် ဖြစ်သည်။
အဆိုပါ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့အပါအဝင် မြို့နယ်သာသနာရေး ဦးစီးမှူးနှင့် မြို့နယ်ရဲမှူးတို့မှ နာယကကြီးများ အဖြစ်ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲထွန်းကားရေး၊ အစဉ်အလာကောင်း တစ်ရပ်ဖြစ်သည့် မြို့နယ် ဘာသာရေး၊ သာသနာရေး လုပ်ငန်းတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ ကြည်ညိုပူဇော်သဒ္ဓါတရားပွားများ၍ ကုသိုလ်တရားများ တိုးပွားစေရေး၊ မြို့နယ် အတွင်း ကပ်ကြီး(၃)ပါးနှင့် မီဘေး၊ရေဘေး၊ လေဘေးစသည့် သဘာဝဘေး အန္တရာယ် အသွယ်သွယ်တို့မှ ကင်းဝေးစေရေးနှင့် ဘာသာရေးတွင် စိတ်ပါဝင်စားသူ ပြည်သူများ ညီညွတ်စွာ ပူးပေါင်းပါဝင်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
မိုးစက်(ဘိုကလေး)