ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဆင်ပေါင်ဝဲ      နိုဝင်ဘာ    ၁၅

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး က  မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ၊ လူထုအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက် ကုသပေးမှုလုပ်ငန်းများ၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်း ရရှိရေးအတွက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကြရန် စသည်ဖြင့် ချပြရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများအပေါ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

နိုင်လင်း