မြိတ် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ဧကဒဿမ အကြိမ် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့ကျက်သရေ ဆောင်လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လှူဒါန်းပွဲကို ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့် ပရိသတ် အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ လာသန လှည်းဘီး ကျောင်းတိုက် ဆရာတော်ထံမှ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဧည့်ပရိသတ် အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော် များ နာယူခဲ့ကြသည်။
ဆက်လက်၍ ကထိန်ခံကျောင်း(၁၀)ကျောင်းမှ ဆရာတော်များထံ ကထိန်လျာသင်္ကန်းကို မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထိုနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ ကထိန် အနုမော ဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ကထိန်အလှူ တော်မင်္ဂလာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။
အလှူတော်မင်္ဂလာအပြီးတွင် ဧကဒဿမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်၌ လှူဒါန်းထား ကြသော ပဒေသာပင်(၇၃)ပင်ကို စာရေးတံမဲပေါက်ရာ ကျောင်းတိုက်အသီးသီးသို့ ဌာနဆိုင်ရာဝန် ထမ်းများ၊ အလှူရှင်များမှ ပို့ဆောင်လှူဒါန်းခဲ့ကြသည်။ ဧကဒဿမအကြိမ် စုပေါင်းမဟာ ဘုံကထိန် အလှူတော်တွင် ကုသိုလ်ပြု စုပေါင်းလှူဒါန်းကြသည့် လှူဒါန်းပစ္စည်းနှင့် အလှူငွေစုစုပေါင်းမှာ (၂၇၄၆၆၅၀၀) ကျပ်ရှိကြောင်း ခရိုင်သာသနာရေးဦးစီးဌာနထံ မှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)