ပွင့်ဖြူ နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူပညာပေး စိုက်ပျိုး ထားရှိသည့် သုတေသနစမ်းသပ်ကွက် သက်လျှင်အထွက် ကောင်းစပါးမျိုးများ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ ကွင်းအမှတ်(၈၉၅) စပါးစိုက်ခင်းတွင် ကျင်းပသည်။
စံကွက်ရိတ်သိမ်းရာတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးနှင့် ဝန်ထမ်းများက တောင်သူပညာပေး သုတေသနစမ်းသပ်ကွက် စိုက်ပျိုးထားသည့် သက်လျှင် အထွက်ကောင်း စပါးမျိုးများဖြစ်သော ထိုင်းဆန်မွှေး၊ ရက်(၉၀)၊ လယ်တောကြီး၊ ချမ်းမြေ့မေ စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စိုက်ပျိုးထားရှိမှုနှင့် ဆန်စပါး စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် အချက်များ၊ စိုက်နည်းစနစ်မှန်ကန်ရေး လိုက်နာရန်အချက်များ၊ သီးနှံဖျက်ပိုးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရန်နည်းလမ်းများ၊ မျိုးကောင်း မျိုးကောင်း ရရှိအောင် ဆောင်ရွက်ရန်အချက်များနှင့် ထားသိုထိန်းသိမ်းစနစ်များကို တောင်သူပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ကံသာကြီးကျေးရွာ တောင်သူ ဒေါ်ထွေးထွေး၏ လယ်မြေတွင် စိုက်ပျိုးထားရှိသော သုတေသနစမ်းသပ်ကွက် သက်လျှင်အထွက်ကောင်း စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသက်ကွက်မှ ရက်(၉၀)စပါးစိုက်ဧက (သုည ဒသမ ၂၅)ဧကနှင့် လယ်တောကြီးစပါးစိုက်ဧက (သုည ဒသမ ၂၅)ဧကတို့တွင် မျိုးစပါးစံကွက်ရိတ်သိမ်းရာ ရက်(၉၀)စပါးမျိုးစမ်းသပ်ကွက်မှ တစ်ဧက ပျမ်းမျှ စပါးတင်းရေ(အစို) ၈၉ ဒသမ ၈၄ တင်း၊ (အခြောက်) ၈၀ ဒသမ ၈၆ တင်း ထွက်ရှိခဲ့ပြီး လယ်တောကြီး မျိုးစပါးစမ်းသပ်ကွက်မှ တစ်ဧက ပျမ်းမျှ စပါးတင်ရေ(အစို) ၁၀၁ ဒသမ ၅၆ တင်း၊ အခြောက် ၉၁ ဒသမ ၄၁ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)