နာဂဒေသ၊ ထန်ပါခွေမြို့တွင် နွားနောက်များအား ခြံခတ်စနစ်ဖြင့်မွေးမြူလျက်ရှိ

ထန်ပါခွေ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် နွားနောက် များအား ခြံခတ်စနစ်ဖြင့် မွေးမြူလျက်ရှိကြောင်း သိရသည်။

ယခင်က မြို့ပိုင်နွားနောက် အကောင်ရေ(၁၃၀)ကျော်အား လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခဲ့ရာမှ ယခုတွင် စားကျက်မြေသတ်မှတ်ပြီး ခြံခတ်စနစ်ဖြင့် မွေးမြူလျက်ရှိကြောင်း၊ ၄င်းနွားနောက် များအား ထန်ပါခွေမြို့ မွေးမြူရေးကော်မတီမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နွားနောက်များအား တောင်ယာ လုပ်ငန်းခွင်တွင် ခိုင်း၍မရပဲ ဒေသခံများက အသားစား သက်သက် မွေးမြူကြကြောင်း ထန်ပါခွေမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးပါကျူက ပြောကြားသည်။

အဆိုပါ နွားနောက်များ ခြံခတ်မွေးမြူလျက်ရှိသည့် စားကျက်မြေအား မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ထန်ပါခွေ အနောက်မြောက်ဘက် တိုင်မောင်ချောင်းတောင်ဘက်အထိ နိုခေကင်တောင်ကြော(ခ)တိုင်ချဲတောင်တွင် (ဧက-၈၀၀)ကျော်အား သတ်မှတ်ပေးထားကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)