ပင်လည်ဘူး နိုင်ဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး သင်တန်းကို ယမန်နေ့ နံနက် ၉အချိန်က စာတွေ့လက်တွေ့ သရုပ်ပြသင်တန်းပို့ချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်သောင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးမျိုးနေတိုးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အခြေခံရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပို့ချသည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဝင်းမောင်ဦးက ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်းများကို ဆွေးနွေးပို့ချပေးသည်။ ထို့နောက် ပင်လည်ဘူးမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနိုင်းလိန်းဟုန်းက ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအား အသုံးပြုပုံ အဆင့်ဆင့်နှင့် မီးသတ် ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးမရရှိနိုင်သော အခြေအနေများတွင် အရေးပေါ် မီးဘေးအန္တရာယ်ကြုံလာပါက အောက်ဆီဂျင် ဖြတ်တောက်၍ မီးငြှိမ်းသတ် နည်းများ သရုပ်ပြသခြင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မီးလောင်နေစဉ်အတွင်း ရှာဖွေကယ်ဆယ်ခြင်း ရှေးဦးသူနာပြုစုခြင်း များကို ကျောင်းဝန်းအတွင်း၌ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)